BreastScreen SA acknowledges the Traditional Custodians of Country throughout South Australia, and their continuing connection to land, waters and community. We pay our respect to all First Nations peoples, their cultures and to their Elders, past and present.

Skip to main content
Results
Your breast screen results are usually posted to you within 14 days. Please call us if you haven't received them within 28 days.
Call 13 20 50

BreastScreen SA မှာ မည်သည်နည်း။

BreastScreen SA သည် အခြေခံအားဖြင့် အသက် ၅၀ မှ ၇၄ နှစ် အရွယ် အမျိုးသမီးများအတွက် နှစ်နှစ်တစ်ကြိမ် အခမဲ့ ရင်သားစစ်ဆေးမှု (ရင်သား X-rays ရိုက်ခြင်း) များ ပြုလုပ်ပေးပါသည်။

ရင်သားစစ်ဆေးမှုများအရ များသောအားဖြင့် ရောဂါလက္ခဏာများကို မခံစားရမီ စောစောပိုင်းအဆင့်၌ ရင်သား ကင်ဆာကို တွေ့ရှိနိုင်သည်။ ရင်သားကင်ဆာကို စောစော တွေ့ရှိလေ စောစော ကုသပေးနိုင်လေ ဖြစ်ပါသည်။

BreastScreen SA သည် ရင်သား ကင်ဆာ ရောဂါလက္ခဏာ မရှိသည့် အမျိုးသမီးများအတွက် နိုင်ငံလုံးဆိုင်ရာ ရင်သား ကင်ဆာ စစ်ဆေးရေး အစီအစဉ်ဖြစ်သည့် BreastScreen Australia ၏ တောင်သြစတြေးလျပြည်နယ် အခြေစိုက် တရားဝင် အသိအမှတ်ပြုခံထားရသည့် အဖွဲ့အစည်းဖြစ်ပြီး ၁၉၈၉ ခုနှစ်မှစ၍ ဝန်ဆောင်မှုများပေးလျက်ရှိပါသည်။

ရင်သား စစ်ဆေးမှုမှာ အခမဲ့ဖြစ်ပြီး သင့်အနေဖြင့် ရက်ချိန်းတစ်ခုရယူရန် ဆရာဝန်၏ လွှဲစာ မလိုအပ်ပါ။

အခမဲ့ ရင်သားကင်ဆာ စစ်ဆေးမှု အကြောင်း သင် သိပါသလား။

ရင်သား စစ်ဆေးခြင်းဆိုသည်မှာ အဘယ်နည်း။

ရင်သားစစ်ဆေးခြင်းဆိုသည်မှာ မင်မိုဂရမ်စစ်ဆေးခြင်း (ရင်သားကို အပျော့စား X-ray ရိုက်ခြင်း) ဖြစ်ပြီး အသားအကြိတ်လုံး၊ နို့သီးခေါင်းမှအရည်အကျိအချွဲထွက်ခြင်း သို့မဟုတ် ပုံမှန်မဟုတ်သည့် ရင်သားပြောင်းလဲမှုကဲ့သို့သော ရင်သား ရောဂါလက္ခဏာများ မရှိသည့် အမျိုးသမီးများကို စစ်ဆေးပေးသည်။

မင်မိုဂရာဖီစစ်ဆေးခြင်းတွင် ရင်သား တစ်ဖက်စီကို အနည်းဆုံး ပုံနှစ်ပုံ ရိုက်ယူခြင်းပါဝင်သည် - တစ်ပုံမှာ အပေါ်ပိုင်းမှဖြစ်ပြီး နောက်တစ်ပုံမှာ ဘေးတိုက်ဖြစ်သည်။ ၎င်းသည် လက်ရှိ၌ မတွေ့ရှိသေးသည့် ရင်သား ကင်ဆာအတွက် အထိရောက်ဆုံး စစ်ဆေးခြင်းဖြစ်ပါသည်။

အကယ်၍ အမျိုးသမီးတစ်ဦးတွင် ရင်သား ရောဂါလက္ခဏာရှိလျှင် ၎င်းသည် ရောဂါဖော်ထုတ်ရေးဆိုင်ရာ မင်မိုဂရမ်ကို ရိုက်ရန် လိုအပ်ကောင်း လိုအပ်နိုင်သည်။ ရောဂါဖော်ထုတ်မှုဆိုင်ရာ မင်မိုဂရမ်တွင် ဆရာဝန်များက ရောဂါလက္ခဏာကို စိစစ်ရန်အတွက် ရင်သား၏ အသေးစိတ် ပုံရိပ်များ ပိုမိုပါရှိပါသည်။ ကင်ဆာအချို့သည် မင်မိုဂရမ်တွင် မပြသပါ၊ ထို့ကြောင့် အခြားသော အသေးစိတ် စစ်ဆေးမှုများ လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။

ထို့ကြောင့် ဤရင်သား စစ်ဆေးမှုသည် ရင်သား ရောဂါလက္ခဏာများ မရှိသော အမျိုးသမီးများအတွက်သာ သင့်တော်ပါသည်။

မည်သူက ရင်သားကင်ဆာ စစ်ဆေးမှုခံယူနိုင်ပါသနည်း။

BreastScreen SA သည် အသက် ၅၀ မှ ၇၀ နှစ် ရှိသည့် အမျိုးသမီးများကို နှစ်နှစ်တစ်ကြိမ် ရင်သား စစ်ဆေးမှု ခံယူရန် ဖိတ်ခေါ်ပါသည်။ သက်သေအထောက်အထားများအရ ဤအသက်အရွယ်အုပ်စုတွင် ပုံမှန် စစ်ဆေးခြင်းသည် အထိရောက်ဆုံး ဖြစ်သည်။

အသက် ၄၀ မှ ၄၉ နှစ်အထိနှင့် အသက် ၇၅ နှစ်အထက် အမျိုးသမီးများသည်လည်း အခမဲ့ ရင်သား စစ်ဆေးရန် ရက်ချိန်း ယူနိုင်သော်လည်း ရင်သား စစ်ဆေးခြင်းမှာ ၎င်းတို့အတွက် သင့်တော်ခြင်းရှိမရှိ ဆုံးဖြတ်သည့်အခါ ၎င်းတို့၏ ဆရာဝန်နှင့် ဆွေးနွေးရန် အလေးအနက် တိုက်တွန်းပါသည်။

ရင်သား စစ်ဆေးခြင်းသည် အသက် ၄၀ အောက် အမျိုးသမီးများအတွက် ထိရောက်သည့် စစ်ဆေးမှု တစ်ခု မဟုတ်ပါ။ ရင်သား ကင်ဆာမှာ အသက်အရွယ်မရွေး ဖြစ်နိုင်သော်လည်း အသက် ၄၀ အောက် အမျိုးသမီးများတွင် အလွန် ဖြစ်ခဲပါသည်။

မိသားစုအတွင်း ရင်သားကင်ဆာဖြစ်ပွားသည့် ခိုင်မာသည့် ရာဇဝင်ရှိသူ အမျိုးသမီးများသည် အသက် ၄၀ အရွယ်မှစ၍ နှစ်စဉ် ရင်သား စစ်ဆေးမှုကို ပြုလုပ်နိုင်ပါသည်။

အသက်အရွယ်အုပ်စု အမျိုးမျိုးနှင့် မိသားစုအတွင်း ရင်သားကင်ဆာဖြစ်ပွားသည့် ခိုင်မာသည့် ရာဇဝင်ရှိသူများအတွက် အချက်အလက်များကိုကြည့်ရန် ဤနေရာကို နှိပ်ပါ။

BreastScreen SA သည် သင့်အတွက် သင့်တော်ပါသလား။

အချို့အမျိုးသမီးများသည် စစ်ဆေးမှု၏ အစိတ်အပိုင်း မဟုတ်သော စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှု အမျိုးမျိုးကို လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။

၎င်းတွင် အောက်ပါ အမျိုးသမီးများ ပါဝင်သည်-

  • ရင်သား ရောဂါလက္ခဏာများ (အသားလုံး၊ နို့သီးခေါင်းမှ အရည်အကျိအချွဲထွက်ခြင်း သို့မဟုတ် ရင်သားများတွင် ပြောင်းလဲမှု) ရှိသည့် အမျိုးသမီးများ
  • မိသားစုအတွင်း ရင်သား ကင်ဆာ နှင့်/သို့မဟုတ် သားအိမ်ကင်ဆာ ဖြစ်ပွားသည့် ခိုင်မာသည့်ရာဇဝင်ရှိသူ အမျိုးသမီးများ
  • လွန်ခဲ့သည့် ငါးနှစ်အတွင်း ယခင် ရင်သား ကင်ဆာရှိကြောင်း ရောဂါရှာဖွေတွေ့ရှိထားသည့် အမျိုးသမီးများ
  • အပေါ်ပိုင်း ကိုယ်ခန္ဓာ လှုပ်ရှားမှု အကန့်အသတ်ရှိသည့် သို့မဟုတ် မိမိတို့၏ ကိုယ်ခန္ဓာ အလေးချိန်ကို ထိန်းထားရန် သို့မဟုတ် ထောက်မ ထားရန် အခက်အခဲ ရှိသည့်အမျိုးသမီးများ

သင့်အနေဖြင့် အသင့်တော်ဆုံး စောင့်ရှောက်မှုနှင့် ဝန်ဆောင်မှု ရရှိစေရန် သင့် ဆရာဝန်နှင့်ဆွေးနွေးပါ သို့မဟုတ် BreastScreen SA ဖုန်း ၁၃ ၂၀ ၅၀ သို့ ဖုန်းခေါ်ဆိုပါ။

ရင်သား ကင်ဆာ စစ်ဆေးခြင်း ရက်ချိန်းအတွက် ကျွန်ုပ် မည်သည့်နေရာကို သွားရမည်နည်း။

BreastScreen SA တွင် Adelaide မြို့တော်နယ်နိမိတ်အတွင်း ပုံသေ ဆေးခန်း ၈ ခု ရှိပြီး ကျေးလက်၊ နယ်စွန်၊ မြို့တော်နယ်နိမိတ်ပြင်ပနှင့် အချို့ မြို့နယ်နိမိတ်နေရာများသို့ နှစ်နှစ်တစ်ကြိမ် သွားရောက်စစ်ဆေးပေးသည့် ရွေ့လျား ဆေးခန်း ၃ ခုရှိပါသည်။ ကျွန်ုပ်တို့၏ ပုံသေ ဆေးခန်း တည်နေရာများကို ဤလက်ကမ်းစာအုပ် ကျောဘက်တွင် ဖော်ပြထားပြီး ပိုမိုကျယ်ပြန့်သော တည်နေရာ စာရင်းတစ်ခုကို ဤနေရာတွင် တွေ့ရှိနိုင်သည်။

ကျွန်ုပ် BreastScreen SA နှင့် မည်ကဲ့သို့ ရက်ချိန်း ပြုလုပ်ရမည်နည်း။

သင်သည် နံနက် ၈.၃၀ နာရီ နှင့် ညနေ ၅ နာရီအကြား ရက်ချိန်းပြုလုပ်ရန် BreastScreen SA ဖုန်း ၁၃ ၂၀ ၅၀ သို့ ခေါ်ဆိုနိုင်ပါသည်။ သင် ရက်ချိန်းပြုလုပ်သည့်အခါ ကျွန်ုပ်တို့သည် သင့်အား တစ်ကိုယ်ရေ ကျန်းမာရေး မေးခွန်းများ မေးရန်လိုအပ်မည်ဖြစ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ၊ ထို့ကြောင့် သင်ဖုန်းခေါ်ဆိုသည့်အခါ ထိုမေးခွန်းများကို ဖြေဆိုရန်အတွက် အချိန်နှင့် သီးသန့်လုံခြုံမှုရှိစေရန် သေချာပြုလုပ်ပါ။

နောက်တစ်နည်းအားဖြင့် သင်သည် ဤနေရာတွင် အွန်လိုင်းမှ ရက်ချိန်းပြုလုပ်နိုင်ပါသည်

ကျွန်ုပ်၏ ရက်ချိန်းတွင် ဘာဖြစ်မည်နည်း။

သင်၏ သဘောတူညီချက်ပေးသည့် ပုံစံကို ဖြည့်စွက်ရန်နှင့် မေးခွန်းများ မေးရန်အတွက် အချိန်များများ ရရန် သင့် ရက်ချိန်းသို့ ၁၀ မိနစ် စော၍ လာရောက်ပါ။ သင်၏ Medicare ကတ်ပြားကိုလည်း သင်နှင့်အတူယူလာရန် ကျေးဇူးပြု၍ မှတ်ထားပါ။

ကျွန်ုပ်တို့၏ ဖော်ရွေသော ကောင်တာဧည့်ကြိုဝန်ထမ်းများက သင့်အမည်အပြည့်အစုံ၊ မွေးသက္ကရာဇ်နှင့် လိပ်စာအသေးစိတ်တို့ကို ၎င်းတို့မှာ မှန်ကန်ကြောင်းနှင့် ကျွန်ုပ်တို့ စစ်ဆေးသူမှာ မှန်ကန်ကြောင်း သေချာစေရန် စိစစ်ပါမည်။ ထို့နောက် အမျိုးသမီး အထူး ဓါတ်မှန်ပညာရှင်တစ်ဦးသည် သင့်အား စစ်ဆေးမည့်အခန်းတွင်းသို့ ခေါ်သွားမည်ဖြစ်ပြီး သင် ခါးအပေါ်ပိုင်း အဝတ်အစားများကို ချွတ်ပေးရန် လိုအပ်မည်။ ဆန္ဒရှိလျှင် သင့်အင်္ကျီနှင့် အနွေးထည်အင်္ကျီကို သင့် ပခုံးပေါ် တင်ထားနိုင်သည် သို့မဟုတ် တစ်ခါသုံး ဝတ်ရုံများကို တောင်းခံလျှင် ရရှိနိုင်ပါသည်။

သင် အဆင်သင့်ဖြစ်လျှင် ဓါတ်မှန်ပညာရှင်သည် တစ်ကြိမ်လျှင် ရင်သားတစ်ဖက်ကို မင်မိုဂရာဖီ စက်ပေါ်တင်ပါမည်။ စက်သည် သင့်ရင်သားကို ဓါတ်ပုံရိုက်ရန်အတွက် ရင်သားပေါ်ကို ၁၀-၁၅ စက္ကန့်ခန့် ခပ်တင်းတင်း ဖိပါမည်။ သာမန်အားဖြင့် ရင်သားတစ်ဖက်စီကို ပုံနှစ် ပုံရိုက်သည်၊ အပေါ်တစ်ပုံနှင့် ဘေးတိုက်တစ်ပုံဖြစ်သည်။ ရင်သားကြီးသော အမျိုးသမီးများအတွက် ရင်သားတစ်ရှူးများအားလုံးကို မြင်ရစေရန်အတွက် ဓါတ်ပုံအပိုများ ရိုက်ရန်လိုအပ်နိုင်သည်။ ဓါတ်မှန်များ ရိုက်ပြီးပြီးချင်း သင်သည် အဝတ်အစား ပြန်ဝတ်နိုင်ပြီး သင့် ရက်ချိန်းသည် ပြီးဆုံးပါမည်။

သင့် ဓါတ်မှန်ပုံများကို သင့် ရက်ချိန်းအချိန်၌ စစ်ဆေးကြည့်ရှုမည် မဟုတ်ပါ။ သင့် မင်မိုဂရမ်ကိုရိုက်ပေးသည့် ဓါတ်မှန်ပညာရှင်သည် သင့် ဓါတ်မှန်ပုံများကို နည်းပညာဆိုင်ရာ အရည်အသွေးအတွက် စိစစ်ကြည့်ရှုပါမည်။ ထို့နောက် သင့် ဓါတ်မှန်ပုံများကို Adelaide ရှိ ကျွန်ုပ်တို့၏ ပြည်နယ် ညှိနှိုင်းဆောင်ရွက်ရေးဌာန (State Coordination Unit) သို့ ပို့ပေးပြီး ထိုနေရာ၌ ဓါတ်မှန်ပုံများကို အနည်းဆုံး ဓါတ်မှန်အထူးပညာရှင် နှစ်ဦးက စိစစ်ကြည့်ရှုပါမည်။

ရင်သား စစ်ဆေးမှု လုပ်ခြင်းသည် နာကျင်ပါသလား။

ရင်သား စစ်ဆေးမှု လုပ်သည့်အခါ နာကျင်မည်လားဟု အမျိုးသမီး အများအပြားက ပူပန်တတ်ကြသည်။ အမှန်မှာ အမျိုးသမီး တစ်ဦးနှင့်တစ်ဦး မတူညီပါ။ အချို့က သက်သောင့်သက်သာ မရှိဟု ဆိုသည်၊ အချို့က အနည်းငယ်နာသည်ဟု ဆိုပြီး အခြားအမျိုးသမီးများက လုံးဝ မနာဟု ဆိုပါသည်။ အကယ်၍ သင် မသက်မသာဖြစ်လျှင် ၎င်းမှာ စက္ကန့် အနည်းငယ်သာ ကြာသင့်ပါသည်။ ၎င်းမှာ သင့်ရင်အုံကို X-ray စက်အတွင်း အသေအချာ ဖိရန် လိုအပ်သောကြောင့် ဖြစ်ပါသည်၊ သို့မှသာ ရှင်းလင်းပြတ်သားသော ဓါတ်မှန်ပုံများကို ရိုက်နိုင်ပါသည်။ အကယ်၍ သင် အလွန်နာကျင်လျှင် ဓါတ်မှန်ရိုက်နေသည်ကို အချိန်မရွေး ရပ်ဆိုင်းလိုက်နိုင်သည်။ အကယ်၍ သင် စိုးရိမ်ပူပန်နေလျှင် ရက်ချိန်းပြသနေစဉ်အတွင်း ဓါတ်မှန်ပညာရှင်နှင့် ဆွေးနွေးပါ။

၎င်းတွင် ရေဒီယို ဓါတ်ရောင်ခြည် အန္တရာယ်ရှိပါသလား။

သင် မင်မိုဂရမ်လုပ်သည့် အကြိမ်တိုင်း သင်သည် အလွန်သေးငယ်သော ရေဒီယိုဓါတ်ရောင်ခြည်ကို ထိတွေ့ရပါသည်။ မင်မိုဂရာဖီ စက်များသည် အဆင့်မြင့်-အရည်အသွေး ဓါတ်မှန်ပုံများ ရရန် ရေဒီယိုဓါတ်ရောင်ခြည် အနည်းဆုံး ပမာဏကို သုံးရပါသည်။ ဤပမာဏမှာ လူများရိုက်ရသည့် အခြားသော အများသုံး X-rays အများအပြားနှင့်အတူတူဖြစ်ပြီး ရင်သားကို ဖိပေးခြင်းအားဖြင့် နောက်ထပ် အန္တရာယ်ကို ပိုနည်းစေပါသည်။ ရင်သား ကင်ဆာစစ်ဆေးခြင်း၏ အကျိုးကျေးဇူးမှာ ရေဒီယိုဓါတ်ရောင်ခြည် အန္တရာယ်ထက် သာလွန်ကြောင်း သုတေသနက ဆိုထားပါသည်။

ကျွန်ုပ်၏ အဖြေများကို မည်သို့ ဆုံးဖြတ်ပါသနည်း။

သင့်ရင်သားကို စစ်ဆေးပြီးနောက် သင့်ဓါတ်မှန်ပုံများကို သီးခြား လွတ်လပ်သော ဓါတ်မှန်ပညာရှင် အနည်းဆုံး နှစ်ဦးက ကြည့်ရှုစိစစ်ပါမည်။ ၎င်းတို့၏ ရှာဖွေတွေ့ရှိချက်များအပေါ်မူတည်၍ သင့်အား အဖြေတစ်ခုပေးပါမည်- ‘ရင်သား ကင်ဆာ အထောက်အထား မရှိ’ သို့မဟုတ် ‘နောက်ထပ် စစ်ဆေးမှုလုပ်ရန် ပြန်ခေါ်ပါ’ ဖြစ်သည်။

သင့်အဖြေများကို အများအားဖြင့် သင်နှင့် သင့်ကို အဆိုပြုသော ဆရာဝန်ထံ ရက်ချိန်းရက် ၁၄ ရက်အတွင်း စာတိုက်မှ ပေးပို့ပါမည်။ ဤစစ်ဆေးမှုသည် ရင်သား ကင်ဆာအတွက်သာ စစ်ဆေးခြင်းဖြစ်သဖြင့် အခြား ကင်ဆာ-မဟုတ်သော (အန္တရာယ်မရှိသော အသားလုံး) ပြောင်းလဲမှုများကို ထည့်သွင်းရေးသားထားမည် မဟုတ်ပါ။

ကျွန်ုပ် နောက်ထပ် စစ်ဆေးမှုများ လိုအပ်လျှင် ဘာဖြစ်မည်နည်း။

စစ်ဆေးခံရသော အမျိုးသမီးများ၏ ၅% ခန့်ကို BreastScreen SA သို့ နောက်ထပ် စစ်ဆေးမှုများအတွက် ပြန်လာခိုင်းပါမည်။ ယင်းမှာ သင့်တွင် ရင်သား ကင်ဆာရှိသည်ဟု မဆိုလိုပါ၊ သို့သော် တစ်ခါတစ်ရံ၌ သေချာစေရန် စစ်ဆေးမှု ပိုမို လိုအပ်ပါသည်။ ယင်းမှာ ပထမအကြိမ် ရင်သား စစ်ဆေးမှု ခံယူသည့် အမျိုးသမီးများ၌ ပိုအဖြစ်များသည်၊ နှိုင်းယှဉ်ကြည့်ရန်အတွက် ယခင်က ရိုက်ထားသည့် မင်မိုဂရမ်ဓါတ်မှန်ပုံများ မရှိသောကြောင့် ဖြစ်သည်။ သင့် ပထမအကြိမ် မင်မိုဂရမ်၌ မူမမှန်ဖွယ်ရှိသည့် တစ်စုံတစ်ခုမှာ လုံးဝ ပုံမှန် ဖြစ်နိုင်ကောင်း ဖြစ်နိုင်သည်။

အမျိုးသမီးများကို ကျွန်ုပ်တို့၏ Adelaide ရှိ အထူးသတ်မှတ်ထားသည့် စိစစ်ရေး ဆေးခန်း (Assessment Clinic) သို့ ပြန်လာခိုင်းသည့်အခါ ၎င်းတို့သည် ပိုမို အသေးစိတ်ကျသည့် မင်မိုဂရာဖီ၊ အာထရာဆောင်း၊ ဆေးခန်းတွင် လက်တွေ့ ရင်သား စစ်ဆေးစမ်းသပ်ခြင်းနှင့် အချို့ဖြစ်ရပ်များတွင် အသားစထုတ်ယူခြင်းတို့ပါဝင်နိုင်သည့် စစ်ဆေးမှုများကို လုပ်ရပါမည်။ ၎င်းမှာ အလွန် စိုးရိမ်ဖွယ်ရာ အတွေ့အကြုံဖြစ်နိုင်ပြီး ကျွန်ုပ်တို့၏ ကျန်းမာရေးပညာရှင် အထူးအဖွဲ့သည် သင်လာရောက်ပြသစဉ်အတွင်း တတ်နိုင်သမျှ သက်သောင့်သက်သာဖြစ်စေရန် လုပ်ဆောင်ပေးပါမည်။

နောက်ထပ် စစ်ဆေးမှုများအတွက် ပြန်ခေါ်ခံရသော အမျိုးသမီး အများစုမှာ ၎င်းတို့တွင် ရင်သားကင်ဆာ မရှိကြောင်း သေချာစေရန်ဖြစ်သည်။ ယင်းနောက် ၎င်းတို့အား နောက်တစ်ကြိမ် ရင်သား စစ်ဆေးမှု လုပ်ရန် အချိန်ကျသောအခါ ထပ်မံ ဖိတ်ခေါ်ပါသည်။

အကယ်၍ ကျွန်ုပ်တွင် ရင်သားကင်ဆာ ရှိလျှင် ဘာဖြစ်မည်နည်း။

အမျိုးသမီး အနည်းငယ် (စစ်ဆေးခံရသည့် တောင်သြစတြေးလျပြည်နယ် အမျိုးသမီးအားလုံး၏ ၁% အောက်) သည် မိမိတို့၏ စိစစ်မှု ဆေးခန်း (Assessment Clinic) ရက်ချိန်း လာရောက်ပြီးနောက် ရင်သား ကင်ဆာ ရောဂါရှိနေခြင်းကို သိရှိရပါမည်။ ကျွန်ုပ်တို့၏ ကျန်းမာရေးပညာရှင် အထူးအဖွဲ့သည် ဤဖြစ်စဉ်ကို သင့်အား လမ်းညွှန်ပေးမည်ဖြစ်ပြီး နောက်ထပ် ဘာဖြစ်မည်ကို သင့်အား ရှင်းပြပါမည်။

BreastScreen SA သည် ရင်သားကင်ဆာအတွက် အမျိုးသမီးများအား ကုသမပေးပါ၊ ကျွန်ုပ်တို့အနေဖြင့် သင့်ဆရာဝန်ကို ဆက်သွယ်ပေးခြင်းအားဖြင့် သင်၏ အနာဂတ် ကုသမှုလိုအပ်ချက်များကို စီစဉ်ပေးပါမည်။ သင့်ဆရာဝန်သည် သင့် အထူးကုဆရာဝန် လွှဲစာများ၊ ကုသမှုနှင့် နောက်ဆက်တွဲ လုပ်စရာများကို သင်နှင့်အတူ ဆွေးနွေးပါမည်။

ရင်သား ကင်ဆာနှင့်ပတ်သက်၍ ပိုမိုသိရှိလိုသော အချက်အလက်များအတွက် သင် ကင်ဆာ သြစတြေးလျ (Cancer Australia) ဝက်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ပါသည်

ရင်သားကင်ဆာအတွက် အန္တရာယ်အကြောင်းခံများမှာ အဘယ်နည်း။

သင်၏ ရင်သားကင်ဆာ ဖြစ်လာနိုင်သည့် အန္တရာယ်ကို တိုးမြှင့်စေနိုင်သည့် အကြောင်းရင်း အများအပြား ရှိပါသည်။ ၎င်းတို့မှာ အမျိုးသမီးဖြစ်ခြင်း၊ သင့် အသက်အရွယ်၊ သင့်တွင် ယခင်က ရင်သား ကင်ဆာ ရှိမရှိ၊ သင့် ကိုယ်ပိုင် ရင်သား သိပ်သည်းမှုနှင့် သင့် မိသားစု ရာဇဝင်ကဲ့သို့သော ကိုယ်ရေးကိုယ်တာ အကြောင်းခံများ ဖြစ်သည်။ အခြားတို့မှာ သင့် စားသောက်ပုံ၊ သင် မည်မျှမကြာခဏ ကိုယ်လက်လေ့ကျင့်ခန်းလုပ်သည်၊ သင် ဆေးလိပ် သောက် မသောက် သို့မဟုတ် ပုံမှန် အရက် သောက် မသောက်ကဲ့သို့သော လူနေမှုဆိုင်ရာ အကြောင်းခံများဖြစ်ကြသည်။ အကယ်၍ သင် သင့် အန္တရာယ်ကို စိစစ်လိုလျှင် သင့်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည် သို့မဟုတ် အောက်ပါ အွန်လိုင်း မေးခွန်းလွှာများကို www.breastcancerrisk.canceraustralia.gov.au တွင် ဖြေဆိုနိုင်သည်။

ရင်သားသိပ်သည်းမှုဆိုသည်မှာ အဘယ်နည်း။

အမျိုးသမီးတစ်ဦး၏ ရင်သားကို အဆီပါတစ်ရှူးနှင့် ဖစ်ဘရိုဂရင်ဒူလာ (အဆီ-မပါ) တစ်ရှူး နှစ်မျိုးလုံးဖြင့် ဖွဲ့စည်းထားပါသည်။ မင်မိုဂရမ် ဓါတ်မှန်ပုံရိပ်တွင် အဆီပါတစ်ရှူးကို အနက်ရောင်အဖြစ် မြင်တွေ့ရပြီး ကျန်ရှိသော ရင်သားတစ်ရှူးများကို အဖြူရောင် သို့မဟုတ် ‘သိပ်သည်းမှု’ အဖြစ် တွေ့ရှိရသည်။ မင်မိုဂရမ်ပေါ်ရှိ ဖစ်ဘရိုဂရင်ဒူလာ တစ်ရှူး (အဖြူရောင်‌ နေရာများ) ၏ နှိုင်းရမပါဏကို ရင်သားသိပ်သည်းမှုအဖြစ် ရည်ညွှန်းပါသည်။

ရင်သားကင်ဆာသည်လည်း မင်မိုဂရမ်ပေါ်တွင် အဖြူရောင်နေရာများအဖြစ် ပေါ်သည့်အတွက်ကြောင့် ရင်သားသိပ်သည်းမှု မြင့်မားခြင်းသည် မင်မိုဂရာဖီ စစ်ဆေးခြင်း ထိရောက်မှုကို လျော့စေပါသည်။ ဤသို့ဖြစ်သော်လည်း မင်မိုဂရမ်ဖီ စစ်ဆေးခြင်းသည် ရင်သားသိပ်သည်းမှုများသည့် အမျိုးသမီးများအပါအဝင် အသက် ၅၀ မှ ၇၄ နှစ် အရွယ် အမျိုးသမီးများအတွက် အကောင်းဆုံးသော လူထုအခြေပြု ရင်သားကင်ဆာ စစ်ဆေးမှု ဖြစ်နေပါသေးသည်။

ရင်သားသိပ်သည်းမှုများသည် အဖြစ်များကြပြီး ပုံမှန်ဖြစ်ကာ အသက် ၄၀ ကျော် အရွယ် အမျိုးသမီးများ၏ ၄၀% ခန့်တွင် ဖြစ်လေ့ရှိပါသည်။

သင်၏ရင်သားသိပ်သည်းမှုကို သင်၏ရင်သားစစ်ဆေးမှုရလဒ်များနှင့်အတူ အကြောင်းကြားပေးပါမည်။

ရင်သားသိပ်သည်းမှုနှင့်ပတ်သက်၍ ပိုမိုသိရှိလိုသော အချက်အလက်များကို ကျွန်ုပ်တို့၏ ဝဘ်က်ဆိုက်တွင် တွေ့ရှိနိုင်ပါသည်။

ပုံမှန် ရင်သား စစ်ဆေးမှု၏ အကျိုးကျေးဇူးများမှာ အဘယ်နည်း။

ရင်သား ကင်ဆာ စောစောပိုင်း အဆင့်တွင် တွေ့ရှိခြင်း

၂၀၀၈ ခုနှစ်၌ ဒေသခံ သုတေသနက တွေ့ရှိခဲ့သည်မှာ နှစ်နှစ်တစ်ကြိမ် ရင်သား ကင်ဆာ စစ်ဆေးမှု လုပ်ခဲ့သည့် အသက် ၅၀ မှ ၆၉ နှစ်အရွယ် တောင်သြစတြေးလျပြည်နယ် အမျိုးသမီးများသည် ရင်သား ကင်ဆာဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ မိမိတို့၏ အလားအလာကို ၄၁% အထိ လျှော့ချနိုင်ခဲ့သည်။ *

ပြန့်နှံ့မှုပိုမိုနည်းပါးသည့် ကုသမှု

ရင်သား စစ်ဆေးမှု ခံယူသည့် အမျိုးသမီး အယောက် ၁၀၀၀ လျှင် ၆ ဦးတွင်သာ ရင်သား ကင်ဆာရှိကြောင်း တွေ့ရှိမည်ဖြစ်သည်။ BreastScreen SA မှတစ်ဆင့် ရှာဖွေတွေ့ရှိသော ရင်သား ကင်ဆာများမှာ သာမန်အားဖြင့် ပိုမို သေးငယ်ကြပြီး ၎င်းတို့မှာ ပိုမိုရိုးစင်းပြီး ကုသရန် ပိုမို လွယ်ကူကြပါသည်။ အမျိုးသမီးတစ်ဦး၏ ယေဘုယျ ကျန်းမာရေး ရလဒ်ကိုလည်း ပိုမို တိုးမြင့်ကောင်းမွန်စေခဲ့ပါသည်။

စိတ်ချလက်ချရှိမှု

ရင်သား စစ်ဆေးမှု ခံယူသည့် အမျိုးသမီး အများစုသည် ‘ရင်သား ကင်ဆာ အထောက်အထား မရှိ’ အဖြေကို ရရှိမည်ဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့၏ ရင်သား ကျန်းမာရေးကို စောင့်ရှောက်ထိန်းသိမ်းရာ၌ အလေးထား၍ ကြိုတင်အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်သဖြင့် စိတ်ချလက်ချ ရှိနေမည်ဖြစ်သည်။

ရင်သား စစ်ဆေးမှု၏ ကန့်သတ်ချက်များနှင့် အန္တရာယ်တို့မှာ အဘယ်နည်း။

မင်မိုဂရမ် စစ်ဆေးခြင်းများမှာ ရင်သား ကင်ဆာအတွက် လက်ရှိ၌ အထိရောက်ဆုံး နည်းလမ်းဖြစ်သည့်တိုင် ၎င်းတွင် သင် သိရှိရန်လိုသည့် ကန့်သတ်ချက်များ ရှိပါသည်။

ရင်သား ကင်ဆာ ရှိနေသော်လည်း ရှာမတွေ့ပါ

မင်မိုဂရမ် စစ်ဆေးခြင်းသည် အားလုံးသော ရင်သား ကင်ဆာကို ရှာတွေ့မည် မဟုတ်ပါ။ ကင်ဆာ အချို့ကို မင်မိုဂရမ် စစ်ဆေးခြင်းတွင် မမြင်တွေ့နိုင်ပါ သို့မဟုတ် မင်မိုဂရမ် စစ်ဆေးခြင်းများလုပ်သည့် အချိန်အကြား၌ ဖြစ်ပွားလာနိုင်သည်။ မင်မိုဂရမ် စစ်ဆေးခြင်းတွင် ကင်ဆာကို ရှာမတွေ့ဘဲ လွတ်သွားနိုင်သည့် အခွင့်အလမ်း အနည်းငယ် ရှိတတ်သည်။ ဤသို့ဖြစ်လျှင် နှောင်းပိုင်းအဆင့်၌ ရင်သား ကင်ဆာ ရောဂါဖော်ထုတ်မှုဆီသို့ ဦးတည်သွားနိုင်သည်။

အသက် ၅၀ မှ ၇၄ နှစ်အရွယ် အမျိုးသမီး အယောက် ၁၀၀၀ တွင် ၁ ယောက်အောက်သာ ၎င်းတို့၏ ရင်သား စစ်ဆေးမှုလုပ်ပြီး ၁၂ လအကြားတွင် ရင်သား ကင်ဆာရှိသည်ကို တွေ့ရှိရပါလိမ့်မည်။

မင်မိုဂရမ် စစ်ဆေးခြင်း၏ ထိရောက်မှုကို ပံ့ပိုးပေးသည့် အခြား အကြောင်းခံများတွင် အမျိုးသမီးတစ်ဦး၏ အသက်နှင့် ၎င်း၏ ကိုယ်ပိုင် ရင်သား သိပ်သည်းမှုတို့ပါဝင်ပါသည်။

ရင်သား ကင်ဆာကို တွေ့ရှိပြီး မလိုအပ်ဘဲ ကုသမှု ခံယူခဲ့သည် (ရောဂါလက္ခဏာ မရှိသော ရောဂါဖော်ထုတ်မှု)

ရင်သား စစ်ဆေးမှုသည် အသက် အန္တရာယ်ကို ခြိမ်းခြောက်ရန် အလားအလာ မရှိနိုင်သော ရင်သား ကင်ဆာများကိုလည်း တွေ့ရှိကောင်း တွေ့ရှိနိုင်သည်။ ဆိုလိုသည်မှာ အမျိုးသမီးတစ်ဦးသည် ၎င်းအား မည်သည့်အခါမျှ အန္တရာယ်ပေးမည် မဟုတ်နိုင်သည့် ကင်ဆာကို ကုသမှုခံယူကောင်း ခံယူနိုင်သည် သို့သော်လည်း ကုသမှုကပင်လျှင် ၎င်းအား ထိခိုက်ကောင်း ထိခိုက်နိုင်သည်။

မည်သည့် ရင်သား ကင်ဆာများက အသက်ကို ခြိမ်းခြောက်နိုင်ပြီး မည်သည်က မခြိမ်းခြောက်ကြောင်း တိတိကျကျ ပြောရန် မဖြစ်နိုင်သေးပါ။

နောက်ထပ် စစ်ဆေးမှုများကို လုပ်သော်လည်း ရင်သား ကင်ဆာကို ရှာမတွေ့ပါ

သင်၏ မင်မိုဂရမ် စစ်ဆေးခြင်းတွင် စိုးရိမ်စရာ သို့မဟုတ် သင့် ရင်သားတစ်ရှူး ပြောင်းလဲမှုတစ်ခုကို တွေ့ရှိလျှင် သင့်အား နောက်ထပ် စစ်ဆေးမှုများလုပ်ရန်အတွက် BreastScreen SA’s Assessment Clinic သို့ ပြန်ခေါ်ပါမည်။ ဤစစ်ဆေးမှုများတွင် နောက်ထပ် မင်မိုဂရဖီ၊ အာထရာဆောင်းနှင့် ဆေးခန်းတွင် လက်တွေ့ ရင်သား စစ်ဆေးစမ်းသပ်ခြင်း သို့မဟုတ် အသားစထုတ်ခြင်းတို့ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤစစ်ဆေးမှုမှာ အမျိုးသမီးများအတွက် စိုးရိမ်စရာအချိန်ဖြစ်နိုင်သော်လည်း အများစုကို ၎င်းတို့၌ ရင်သား ကင်ဆာ မရှိကြောင်း စိတ်ချစေမည်ဖြစ်ပါသည်။

ရင်သားအကြောင်း အသိရှိမှု အဘယ်ကြောင့် အရေးကြီးသလဲ။

သင်သည် နှစ်နှစ်တစ်ကြိမ် ရင်သား စစ်ဆေးမှုများ ခံယူသည့်တိုင် ရင်သား ကင်ဆာသည် အချိန်အရွေး ဖြစ်လာနိုင်သောကြောင့် ရင်သားအကြောင်း အသိရှိမှုမှာ အရေးကြီးနေသေးပါသည်။ ၎င်းတွင် စစ်ဆေးမှု ရက်ချိန်းများ အကြားရှိ အချိန်ပါဝင်သည်။

သင့်ရင်သားများ၏ ပုံမှန် ပုံသဏ္ဍာန်အနေအထားနှင့် ကိုင်တွယ်ခံစားရမှုကို သိရှိထားရန် အရေးကြီးပါသည်။ သင် ရှာကြည့်သင့်သည့် အရာများမှာ-

  • သင့်ရင်သားများတွင် အသားလုံးအကျိတ်အသစ် သို့မဟုတ် အဖုအဖောင်းအသစ်၊ အထူးသဖြင့် ရင်သားတစ်ဖက်တည်းတွင်သာ ရှိလျှင်ဖြစ်သည်
  • သင့်ရင်သား အရွယ်အစား သို့မဟုတ် ပုံသဏ္ဍာန် ပြောင်းလဲမှု
  • အလွှာမာများဖြစ်လာခြင်း၊ အနာ၊ နီရဲမှု သို့မဟုတ် နို့သီးခေါင်း ချိုင့်ဝင်နေခြင်းကဲ့သို့ နို့သီးခေါင်း ပြောင်းလဲမှု
  • နို့သီးခေါင်းကို မဖျစ်ညှစ်ဘဲ သင့်နို့သီးခေါင်းမှ အရည်အကျိအချွဲများ ကျခြင်း
  • နီရဲနေသော သို့မဟုတ် ချိုင့်ဝင်နေသော အရေပြား သို့မဟုတ် တွန့်နေသော အရေပြားကဲ့သို့ သင့်ရင်သား အရေပြား ပြောင်းလဲမှု
  • ပျောက်မသွားသည့် နာကျင်မှုတို့ဖြစ်သည်။

ရင်သား ပြောင်းလဲမှု အများစုမှာ ရင်သား ကင်ဆာကြောင့် မဟုတ်သော်လည်း သေချာစေရန် စစ်ဆေးမှုခံယူသင့်သည်။ အကယ်၍ သင့် ရင်သားများ အမြင်အားဖြင့် သို့မဟုတ် ကိုင်တွယ်ခံစားမှုအားဖြင့် ပြောင်းလဲမှုကို သတိပြုမိလျှင် သင်၏ နောက်ဆုံးအကြိမ် မင်မိုဂရမ် စစ်ဆေးခြင်းက ပုံမှန်အဖြေရှိခဲ့သည့်တိုင် မနှောင့်နှေးစေဘဲ သင့်ဆရာဝန်နှင့် ပြသင့်သည်။

သင့် ပြသမှု ပိုမို လွယ်ကူရန်နှင့် ပိုမို သက်သောင့်သက်သာဖြစ်ရန် လက်တွေ့ကျသည့် အကြံဉာဏ်များ

သင့် ရက်ချိန်းနေ့တွင် ပေါင်ဒါ သို့မဟုတ် ချွေးနံ့ပျောက်အမွေးအကြိုင်တို့ကို ကျေးဇူးပြု၍ သုံးမလာပါနှင့်၊ ၎င်းတို့သည် သင့် ရင်သား စစ်ဆေးမှုအပေါ် သက်ရောက်မှုရှိနိုင်သောကြောင့်ဖြစ်သည်။

  • ရင်သား စစ်ဆေးနေစဉ်အတွင်း သင့် ဘရာဇီယာနှင့် အပေါ်အင်္ကျီကို သင် ချွတ်ပေးရန်လိုအပ်မည်ဖြစ်သောကြောင့် အပေါ်ပိုင်း-အောက်ပိုင်း သပ်သပ် ဝတ်စုံကို ဝတ်ဆင်ပါ။
  • သင့် ရက်ချိန်းသို့ Medicare Card ကတ်ပြားကို သင်နှင့်တစ်ပါတည်း ယူဆောင်လာရန် ကျေးဇူးပြု၍ မှတ်ထားပါ၊ သင် ဖြည့်စွက်ပြီး လက်မှတ်ရေးထိုးထားသော သဘောတူညီချက်ပေးသည့်ပုံစံကိုလည်း ယူလာပါ။
  • သင့် ရက်ချိန်း အချိန်မတိုင်မီ ၁၀ မိနစ် စော၍ အရောက်လာပါ သို့မှသာ ကျွန်ုပ်တို့ သင့်စာရွက်စာတမ်းကိစ္စကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။
  • အကယ်၍ သင် အခြားတစ်နေရာ၌ မင်မိုဂရမ် ရိုက်ထားခဲ့လျှင် သင် ရက်ချိန်းယူသည့်အချိန်၌ ကျွန်ုပ်တို့၏ ဝန်ထမ်းအား ကျေးဇူးပြု၍ အသိပေးပါ။
  • သင့်တွင် မေးရန်မေးခွန်း တစ်ခုခုရှိလျှင် ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ ဖော်ရွေသော ဝန်ထမ်းများကို မေးမြန်းပါ။

အသုံးဝင်သော အချိတ်အဆက်လင့်များ၊ ရည်ညွှန်းချက်များနှင့် နောက်ထပ် ဖတ်စရာ

Cancer Australia

www.canceraustralia.gov.au

Calcolatore di rischio di cancro al seno

breastcancerrisk.canceraustralia.gov.au

Australian Institute of Health and Welfare

www.aihw.gov.au

ရက်ချိန်းတစ်ခုကို မည်သို့ တောင်းရမည်

ဖုန်း ၁၃ ၂၀ ၅၀ သို့ ခေါ်ဆိုပါ သို့မဟုတ် ဤနေရာတွင် အွန်လိုင်းမှ ရက်ချိန်းရယူပါ

ဆရာဝန်၏ လွှဲစာ တစ်စောင် မလိုအပ်ပါ။

အခမဲ့ စကားပြန် ဝန်ဆောင်မှုများနှင့် ဝှီးချဲများ ရရှိနိုင်ပါသည်။

BreastScreen SA ဆေးခန်း တည်နေရာများ

ရွေ့လျားစစ်ဆေးရေးဆေးခန်းများ [Mobile screening units]

ကျွန်ုပ်တို့၏ ရွေ့လျားစစ်ဆေးရေး ဆေးခန်း သုံးခုသည် ကျေးလက်၊ နယ်စွန်၊ မြို့နယ်နိမိတ်နှင့် မြို့နယ်နိမိတ်-ပြင်ပ နေရာများတွင် နှစ်နှစ်တစ်ကြိမ် သွားရောက်ဖွင့်လှစ်ပေးပါသည်။ တည်နေရာများနှင့် လာရောက်ပြသမှု အသေးစိတ်ကို ကြည့်ရှုရန် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ကို ကျေးဇူးပြု၍ ကြည့်ရှုပါ။